မြန်မာ
ဗစ်တိုးရီးယားပြည်နယ် ရွေးကောက်ပွဲကို နိုဝင်ဘာ 28 ရက်၊ စနေနေ့တွင် ကျင်းပမည်ဖြစ်သည်။
ပြည်နယ်ရွေးကောက်ပွဲတွင် မည်သူများ မဲပေးရမည်နည်း။
ဗစ်တိုးရီးယားပြည်နယ်တွင် နေထိုင်ပြီး အသက် 18 နှစ်နှင့်အထက်ရှိသော သြစတြေးလျနိုင်ငံသားအားလုံးသည် ဗစ်တိုးရီးယားပြည်နယ် ရွေးကောက်ပွဲတွင် မဲပေးရန် မဲဆန္ဒရှင်စာရင်းတွင် စာရင်းသွင်းရမည်ဖြစ်သည်။
အကယ်၍ သင်သည် သြစတြေးလျနိုင်ငံသား ဖြစ်လာသော်လည်း မဲပေးရန် စာရင်းသွင်းထားခြင်း မရှိသေးပါက အင်္ဂါနေ့ နိုဝင်ဘာလ 3 ရက် ည 8 နာရီနောက်ဆုံးထား၍ စာရင်းသွင်းရမည်။
လူအများအပြားသည် နိုင်ငံသားခံယူပွဲအခမ်းအနားများတွင် မဲပေးရန် စာရင်းသွင်းထားကြသည်။ သင် စာရင်းသွင်းထားမထား မသေချာဖြစ်နေပါသလား။ သင့်အနေဖြင့် ဖုန်း 03 9209 0161 သို့ ခေါ်ဆို၍ စစ်ဆေးနိုင်ပါသည်။
မဲပေးရန် စာရင်းသွင်းခြင်း
သင်သည် အွန်လိုင်းမှ မဲပေးရန် စာရင်းသွင်းနိုင်သည် (အင်္ဂလိပ်ဘာသာဖြင့်) သို့မဟုတ် သင့်အား ကူညီပေးနိုင်ရန် ဘာသာပြန်ထားသော အချက်အလက်များကို ဩစတြေးလျ ရွေးကောက်ပွဲ ကော်မရှင် (AEC)ထံမှ ရှာဖွေနိုင်ပါသည်။
စာရင်းသွင်းရန် နောက်ဆုံးသတ်မှတ်ချိန် ( နိုဝင်ဘာလ 3 ရက် အင်္ဂါနေ့၊ ည 8 နာရီ) ကို ကျော်လွန်သွားပါက မဲပေးရာဌာနရှိ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါရှိမည်မဟုတ်ပါ။ သို့သော် မဲပေးရာဌာနရှိ ရွေးကောက်ပွဲဝန်ထမ်းများအား မဲဆန္ဒရှင်စာရင်းတွင် စာရင်းသွင်းပြီး မဲပေးလိုကြောင်း ပြောနိုင်ပါသည်။ ၎င်းတို့က ဖောင်ဖြည့်ရန် သင့်အား ကူညီပေးနိုင်ပါသည်။
သင်၏ အသေးစိတ်အချက်အလက်များကို စစ်ဆေးပါ သို့မဟုတ် မွမ်းမံပြင်ဆင်ပါ
သင်သည် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီးသည်နှင့် သင်၏ အသေးစိတ်အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိမ်းဆည်းထားရမည်။ သင်အိမ်ပြောင်းရွှေ့သည့်အခါတိုင်း သင်သည် သင်၏ အမည်စာရင်းသွင်းသည့် အသေးစိတ်အချက်အလက်များကို မွမ်းမံပြင်ဆင်ရပါမည်။ မကြာသေးမီက သင့်အမည်ကို ပြောင်းလဲခဲ့ပါက သို့မဟုတ် အိမ်ပြောင်းရွှေ့ခဲ့ပါက နိုဝင်ဘာလ 3 ရက် အင်္ဂါနေ့၊ ည 8 နာရီ) မတိုင်မီ သင့်အချက်အလက်များကို အပ်ဒိတ်လုပ်ရမည်ဖြစ်သည်။
သင့်လိပ်စာကို မွမ်းမံပြင်ဆင်ရန် သို့မဟုတ် သင့်အမည်ကို ပြောင်းလဲရန် အွန်လိုင်းမှ မဲဆန္ဒရှင်စာရင်းသွင်းထားသည့် အချက်အလက်များကို မွမ်းမံပြင်ဆင်နိုင်သည် (အင်္ဂလိပ်ဘာသာဖြင့်)
ကျွန်ုပ်မဲပေးရမည်လား။
ဟုတ်ကဲ့။ သင်သည် ဗစ်တိုးရီးယားပြည်နယ်တွင် စာရင်းသွင်းထားပါက မဲပေးရမည်ဖြစ်သည်။ သင်မဲမပေးပါက ခိုင်လုံသောအကြောင်းပြချက်မရှိလျှင် $105 ဒဏ်တပ်ခံရနိုင်ပါသည်။
မဲပေးနည်း
ကြိုတင်မဲပေးခြင်း
ဤရွေးကောက်ပွဲတွင် မည်သူမဆို ကြိုတင်မဲပေးနိုင်ပါသည်- အထူးအကြောင်းပြချက်ရှိရန် သို့မဟုတ် အပိုဖောင်တစ်စောင် ဖြည့်ရန် မလိုအပ်ပါ။
ကြိုတင်မဲပေးရာဌာနများကို နိုဝင်ဘာလ 18 ရက်ဗုဒ္ဓဟူးနေ့ မှ နိုဝင်ဘာလ 27 ရက်သောကြာနေ့အထိ နံနက် 9 နာရီ - ညနေ 6နာရီ တွင် ဖွင့်လှစ်ထားမည်ဖြစ်သည်။ ကြိုတင်မဲပေးရာဌာနများကို နိုဝင်ဘာလ 22 ရက်၊ တနင်္ဂနွေနေ့ တွင် ပိတ်ထားမည်ဖြစ်သည်။
ရွေးကောက်ပွဲနေ့တွင် မဲပေးခြင်း
ရွေးကောက်ပွဲနေ့ မဲပေးရာဌာနများကို နိုဝင်ဘာလ 28 ရက်၊ စနေနေ့ တွင် နံနက် 8 နာရီနှင့် ည 6 နာရီ အတွင်း ဖွင့်လှစ်ထားမည်ဖြစ်သည်။
နိုဝင်ဘာလ 4 ရက်၊ ဗုဒ္ဓဟူးနေ့မှစ၍ ဤဝက်ဘ်ဆိုက်တွင် သင့်အနီးဆုံး မဲပေးရာဌာနကို ရှာဖွေနိုင်ပါသည်။
မဲပေးရာဌာနအားလုံးတွင် မဲပေးနည်း လမ်းညွှန်ချက်များကို ဘာသာစကား 29 မျိုးဖြင့် ရရှိနိုင်မည်ဖြစ်သည်။
မဲပေးရာဌာနရှိ ဝန်ထမ်းအချို့သည် အင်္ဂလိပ်ဘာသာအပြင် အခြားဘာသာစကားများကိုလည်း ပြောဆိုနိုင်ပါသည်။ ၎င်းတို့ပြောဆိုနိုင်သည့် ဘာသာစကားများကို ဖော်ပြထားသည့် တံဆိပ်ကို ဝတ်ဆင်ထားမည်ဖြစ်သည်။
စာတိုက်မှတစ်ဆင့် မဲပေးခြင်းဤရွေးကောက်ပွဲအတွက် သင့်မဲလက်မှတ်များကို စာတိုက်မှတစ်ဆင့် ပေးပို့ပေးရန် အွန်လိုင်းမှ လျှောက်ထားနိုင်ပါသည်။
နိုဝင်ဘာလ 4 ရက်၊ ဗုဒ္ဓဟူးနေ့မှ နိုဝင်ဘာလ 25 ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ 6 နာရီအထိ လျှောက်ထားနိုင်ပါသည်။
နိုဝင်ဘာလ 10 ရက်၊ အင်္ဂါနေ့မှစ၍ မဲလက်မှတ်များပါဝင်သည့် စာအိတ်အထုပ်များကို စာတိုက်မှ ပေးပို့မည်ဖြစ်သည်။ သင့်မဲကို ဖြည့်စွက်ပြီး နိုဝင်ဘာလ28 ရက်၊ စနေနေ့ ညနေ 6 နာရီမတိုင်မီ စာတိုက်ခ ပေးဆောင်ရန်မလိုသော ပြန်လည်ပေးပို့ရန်စာအိတ်ဖြင့် ပြန်လည်ပေးပို့ပါ။
မဲလက်မှတ်ကို မည်သို့ဖြည့်စွက်ရမည်နည်း
သင်၏ မဲကိုထည့်သွင်းရေတွက်ရန်အတွက် သင်၏ မဲလက်မှတ်စာရွက်ကို မှန်ကန်စွာဖြည့်စွက်ရမည်-

အရွယ်အစားသေးသော အောက်လွှတ်တော် မဲလက်မှတ်တွင် —
- သင်အနိုင်ရစေလိုသူ ဘေးရှိအကွက်ထဲတွင် 1 ကိုရေးပါ
- သင်၏ဒုတိယရွေးချယ်မှု ဘေးရှိအကွက်ထဲတွင် 2 ကိုရေးပါ
- သင်၏တတိယရွေးချယ်မှု ဘေးရှိအကွက်ထဲတွင် 3 ကိုရေးပါ
- အကွက်အားလုံးတွင် နံပါတ်တစ်ခုစီ ပါရှိသည်အထိ နံပါတ်များကိုဆက်လက်ရေးထည့်ပါ။
- ကိန်းဂဏန်းများကိုသာ အသုံးပြုပါ။
အရွယ်အစားကြီးသော အထက်လွှတ်တော် မဲလက်မှတ်တွင် အောက်ပါနည်းလမ်းများအနက် တစ်မျိုးကို ရွေးချယ်နိုင်ပါသည် -
- အဖွဲ့များအတွက် မျဉ်းအထက်တွင် မဲပေးရန် သင်ရွေးချယ်သည့် အစီအစဉ်အတိုင်း အကွက် အနည်းဆုံး 5 ခုကို နံပါတ်စဉ်တပ်ပါ။
သို့မဟုတ် - တစ်ဦးချင်း ကိုယ်စားလှယ်လောင်းများအတွက် မျဉ်းအောက် တွင် မဲပေးရန် သင်ရွေးချယ်သည့် အစီအစဉ်အတိုင်း အကွက် အနည်းဆုံး 5 ခုကို 1 မှ 5 အထိ နံပါတ်စဉ်တပ်ပါ။
- ဆန္ဒရှိပါက 5 ခုထက်ပို၍ နံပါတ်စဉ်တပ်နိုင်ပါသည်။ သို့သော် သင့်မဲကို အတည်ပြုရေတွက်နိုင်ရန် အနည်းဆုံး 5 ခုကို နံပါတ်စဉ်တပ်ရမည်ဖြစ်သည်။
မဲပေးနည်းနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များ
ဗစ်တိုးရီးယားပြည်နယ်မှ အပြင်သို့ ထွက်ခွာနေမည်လား။
နိုဝင်ဘာလ 18 ရက် ဗုဒ္ဓဟူးနေ့မှ နိုဝင်ဘာလ 28 ရက်၊ စနေနေ့အထိ ဗစ်တိုးရီးယားပြည်နယ်မှ အပြင်သို့ ရောက်ရှိနေမည်ဆိုပါကလည်း မဲပေးနိုင်ပါသည်။ သင်လုပ်နိုင်မည်မှာ-
- သြစတြေးလျနိုင်ငံအတွင်း ပြည်နယ်ပြင်ပရှိ မည်သည့် ရွေးကောက်ပွဲကော်မရှင်ရုံးတွင်မဆို ကိုယ်တိုင်သွားရောက် မဲပေးခြင်း
- ပြည်ပရှိ မည်သည့် မဲပေးရာဌာနတွင်မဆို ကိုယ်တိုင်သွားရောက် မဲပေးခြင်း
- စာတိုက်မှတစ်ဆင့် မဲပေးရန် လျှောက်ထားပြီး ဖြည့်စွက်ပြီးသော မဲလက်မှတ်များကို ကျွန်ုပ်တို့ထံ ပြန်လည်ပေးပို့ခြင်း
- စာတိုက်မှတစ်ဆင့် မဲပေးရန် လျှောက်ထားပြီး အနီးဆုံး ပြည်ပမဲလက်မှတ် လက်ခံရာနေရာသို့ ပြန်လည်ပေးပို့ခြင်း။
ပြည်နယ်ပြင်ပ မဲပေးရာဌာနများနှင့် ပြည်ပမဲလက်မှတ် လက်ခံရာနေရာများသည် လုပ်ငန်းချိန်အတွင်းသာ ဖွင့်လှစ်ထားမည်ဖြစ်သည်။ ရွေးကောက်ပွဲနေ့ (နိုဝင်ဘာလ 28 ရက်၊ စနေနေ့) တွင် မည်သည့် ပြည်နယ်ပြင်ပ မဲပေးရာဌာန သို့မဟုတ် ပြည်ပမဲလက်မှတ် လက်ခံရာနေရာတွင်မဆို မဲပေးနိုင်မည်မဟုတ်ပါ။
သင်အပြင်သို့ ထွက်ခွာနေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အား အသိပေးပါ
နိုဝင်ဘာလ 18 ရက်၊ ဗုဒ္ဓဟူးနေ့မှ နိုဝင်ဘာလ 28 ရက်၊ စနေနေ့အထိ ဗစ်တိုးရီးယားပြည်နယ်မှ အပြင်သို့ ရောက်ရှိနေမည်ဖြစ်ပြီး ကြိုတင်မဲပေးခြင်း သို့မဟုတ် စာတိုက်မှတစ်ဆင့် မဲပေးခြင်း မပြုလုပ်နိုင်ပါက မထွက်ခွာမီ ကျွန်ုပ်တို့အား အသိပေးနိုင်ပါသည်။
ကျွန်ုပ်တို့အား အသိပေးထားနိုင်ရန် နည်းလမ်း 3 ခုရှိပါသည် -
- 03 9209 0161 သို့ ဖုန်းခေါ်ဆိုပြီး စကားပြန်နှင့် ဆက်သွယ်ပြောဆိုခြင်း
- check my enrolment (ကျွန်ုပ်စာရင်းသွင်းခြင်း) ကို အသုံးပြု၍ ဗစ်တိုးရီးယားပြည်နယ်မှ အပြင်သို့ ထွက်ခွာနေမည့်အကြောင်း ဖောင်ကို ဖြည့်စွက်ခြင်း (အင်္ဂလိပ်ဘာသာဖြင့်)
- အကယ်၍ သင်သည် ယာယီ သို့မဟုတ် အကန့်အသတ်မရှိ ပြည်နယ်အတွင်း အခြားနေရာသို့ သို့မဟုတ် ပြည်ပသို့ ရောက်ရှိနေမည်ဆိုပါက AEC မှတစ်ဆင့် ပြည်ပတွင် ရောက်ရှိနေကြောင်း အသိပေးသည့်ဖောင် (အင်္ဂလိပ်ဘာသာဖြင့်) ကို ဖြည့်စွက်နိုင်ပါသည်.
VoterAlert
VoterAlert သည်အခမဲ့ SMS နှင့်အီးမေးလ်ရွေးကောက်ပွဲသတိပေးချက် ဝန်ဆောင်မှု ဖြစ်သည်။ သင်သည် ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံပြင်ဆင်မှုများနှင့် မဲပေးရန် သတိပေးချက်များကို (အင်္ဂလိပ်ဘာသာဖြင့်) ရယူနိုင်ပါသည်။
VoterAlert အတွက် စာရင်းသွင်းပါ
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများ
နိုဝင်ဘာလ 4 ရက်၊ ဗုဒ္ဓဟူးနေ့မှစ၍ သင့်ဒေသတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများကို (အင်္ဂလိပ်ဘာသာဖြင့်) ရှာဖွေကြည့်ရှုနိုင်ပါသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပါ
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုပါက အမည်စာရင်းတင်သွင်းရမည်ဖြစ်သည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းမှုများကို နိုဝင်ဘာလ 4 ရက်၊ ဗုဒ္ဓဟူးနေ့တွင် စတင်လက်ခံမည်ဖြစ်ပြီး နိုဝင်ဘာလ 9 ရက်၊ တနင်္လာနေ့ မွန်းတည့် 12 နာရီတွင် ပိတ်မည်ဖြစ်သည်-
အလှူငွေကို ထုတ်ဖော်ကြေညာခြင်း
သြစတြေးလျနိုင်ငံသား၊ သြစတြေးလျတွင် နေထိုင်သူ မည်သူမဆိုနှင့် သက်ဆိုင်ရာ လုပ်ငန်းနံပါတ်ရှိသည့် အဖွဲ့အစည်း မည်သည့်အဖွဲ့အစည်းမဆို ဗစ်တိုးရီးယားပြည်နယ်တွင် နိုင်ငံရေးအလှူငွေ ထည့်ဝင်နိုင်ပါသည်။ သက်ဆိုင်ရာ လုပ်ငန်းနံပါတ်များမှာ-
- သြစတြေးလျ လုပ်ငန်းနံပါတ် (ABN)
- သြစတြေးလျ ကုမ္ပဏီနံပါတ် (ACN)။
အလှူရှင်တစ်ဦးသည် 2026 ခုနှစ် ဧပြီ 15 မှ နိုဝင်ဘာ 28 ရက် အတွင်း လက်ခံသူတစ်ဦးတည်းထံသို့ $5,190 ထက်ပို၍ အလှူငွေ မထည့်ဝင်နိုင်ပါ။ နိုင်ငံရေးအလှူငွေ $1,290 သို့မဟုတ် ထိုထက်ပို၍ ထည့်ဝင်ခြင်း သို့မဟုတ် လက်ခံခြင်း ပြုလုပ်ပါက ကျွန်ုပ်တို့၏ အွန်လိုင်းစနစ် VEC disclosures (VEC ထုတ်ဖော်ကြေညာခြင်း) ကို အသုံးပြု၍ ထိုအလှူငွေကို ထုတ်ဖော်ကြေညာရမည်ဖြစ်သည်။ အလှူငွေ ပေးအပ်ခြင်း သို့မဟုတ် လက်ခံခြင်း ပြုလုပ်ပြီး 21 ရက်အတွင်း ထိုသို့ ပြုလုပ်ရမည်ဖြစ်သည်။ $1,290 သို့မဟုတ် ထိုထက်ပိုသော အလှူငွေ 2 ကြိမ် သို့မဟုတ် ထို့ထက်ပို၍ ထည့်ဝင်ပါက အလှူငွေတစ်ကြိမ်စီကို သီးခြားစီ ကြေညာရမည်ဖြစ်သည်။
နိုင်ငံရေးအလှူငွေကို ထုတ်ဖော်ကြေညာပါ
နိုင်ငံရေးအလှူငွေများနှင့်ပတ်သက်၍ ပိုမိုဖတ်ရှုပါ (အင်္ဂလိပ်ဘာသာဖြင့်)
မဲမပေးပါက ဘာဖြစ်မလဲ။
သင် မဲပေးခဲ့ကြောင်း မှတ်တမ်းမရှိပါက သင် မဲပေးခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းသည့်စာကို ကျွန်ုပ်တို့ထံမှ ပေးပို့ပါမည်။
- သင် မဲပေးခဲ့ပါက ကျွန်ုပ်တို့၏ မှတ်တမ်းများကို စစ်ဆေးနိုင်ရန် သင် မည်သည့်နေရာတွင် မဲပေးခဲ့သည်ကို ကျွန်ုပ်တို့အား ပြောပြပါ။
- သင် မဲ မပေးခဲ့ပါက မဲမပေးခဲ့သည့် အကြောင်းရင်းကို ကျွန်ုပ်တို့အား ပြောပြပါ။

ဤအသိပေးစာကို အွန်လိုင်းမှဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ တုံ့ပြန်နိုင်ပါသည်။
သင် တုံ့ပြန်ခြင်းမရှိပါက သို့မဟုတ် မဲမပေးခဲ့သည့်အတွက် ခိုင်လုံသောအကြောင်းပြချက် မရှိပါက $105 ဒဏ်ငွေ ပေးဆောင်ရနိုင်ပါသည်။
နောက်ထပ်အချက်အလက်များ
2026 ပြည်နယ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ မေးမြန်းလိုပါက 03 9209 0161 သို့ ဖုန်းခေါ်ဆိုပြီး ဘာသာပြန်သူနှင့် ဆက်သွယ်ပြောဆိုနိုင်ပါသည်။